ရန်ကုန် ဧပြီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ရက် (၁၀၀) အတွင်း လုပ်ငန်းရှင် (၁၀၀) ပေါ်ထွက်လာရေးစီမံချက်အဖြစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်တွင်အမှတ် (၂၂) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ မေတ္တာသီတဂူမိန်းကလေး (ပရဟိတ) သီလရှင်ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ဌာန၏ လုပ်ဆောင်နေမှုများ၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ၊ စီမံကိန်းအကျိုးကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပံ့ပိုပေးမည့် အစီအစဉ်များ၊ လုပ်ငန်းထူထောင်မည့်သူများ ရွေးချယ်ရာတွင် အမှန်တကယ်လုပ်ငန်းထူထောင်မည့်သူများကိုသာ ရွေးချယ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသုံးပစ္စည်းများကို သင်တန်းသူတစ်ဦးအား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
အဆိုပါစက်ချုပ်နည်းပညာသင်တန်းကို စာတွေ့ (၃၀) ရာခိုင်နှုန်း၊ လက်တွေ့ (၇၀) ရာခိုင်နှုန်းဖြင့် ဧပြီလ (၂၂) ရက်နေ့မှ ဇွန်လ (၂၂) ရက်နေ့ထိ စက်ချုပ်နည်းပညာဘာသာရပ် (၁၀) မျိုးအား သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၁၅) ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)