အလုံ ဧပြီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်းကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းကို ပြည်သူများ စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အလေ့အထများရရှိစေရန်၊ စာပေမှရရှိသည့် အသိပညာဗဟုသုတရရှိစေရန်၊ စာပေဝါသနာရှင်များအချင်းချင်း စာပေရေးရာ အသိပညာဗဟုသုတများကို နှီးနှောဖလှယ်ဆွေးနွေးနိုင်ရန်နှင့် လူအများနှင့် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများရရှိစေရန်အတွက် ရည်ရွယ်ကာဆောင်ရွက်ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိမွန်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခြင်းနှင့် ကမ္ဘာလှည့်ခရီးသွားအကြေင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့် Book Club အဖွဲ့ဝင် ဦးမောင်မောင်က ဦးဆောင်ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသူများကလည်း ပါဝင်ဆွေးနွေးခြင်းနှင့် သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး စာဖတ်ဝိုင်းသို့ အလုံမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ပြီး ဦးမောင်မောင် (World Quest Tourism Co,Itd)မှ အလုံမြို့နယ်ပြည်သူ့စာကြည့်တိုက်အတွက် သုတ ရသ စာအုပ်စာစောင် (၁၂၀) အုပ်အား လှူဒါန်းခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေလုံသား (ပြန်/ဆက်)