ရန်ကုန် ဧပြီ ၂၄
အားကစားရေးရာဝန်ကြီးဋ္ဌာန၊ အားကစားနှင့်ကာယပညာဦးစီးဋ္ဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) အားကစားနည်းပြမွမ်းမံသင်တန်း (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ရုံးဟောင်းခန်းမ၌ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဋ္ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ဒုတိယကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဋ္ဌာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သည့် နည်းပြသင်တန်း (၁/၂၀၂၆) ကို ရည်ရွယ်ချက် (၃) ရပ်ဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ၏ ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်၊ အားကစားနည်းအလိုက် ခေတ်နဲ့အညီပြောင်းလဲနေသည့် နည်းစနစ်များ၊ နည်းဥပဒေသများကို သိရှိနိုင်စေရန်၊ အရည်အချင်းပြည့်ဝသည့် နည်းပြများပေါ်ထွက်လာစေရန်၊ အားကစားသမားများကို နည်းစနစ်ပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာတွေမှာ နည်းစနစ်တကျ သင်ကြားနိုင်စေရန်၊ အားကစားလေ့ကျင့်ရေးနှင့် ယှဉ်ပြိုင်မှုတိုင်းတွင် အားကစားသိပ္ပံကဏ္ဍကို မျက်ခြေမပြတ်စေဘဲစဉ်ဆက်မပြတ် လေ့လာနိုင်စေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အားကစားဟာလူတစ်ယောက်ရဲ့ ကျန်းမာရေး၊ စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးတို့မှာ အရေးပါသောအခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေပါကြောင်း၊ အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်အတွက် အားကစားသမားတွေသာမက အရည်အချင်းပြည့်ဝသော နည်းပြများရှိရန်လည်း အလွန်အရေးကြီးပါကြောင်း၊ နည်းပြတစ်ဦးသည် အားကစားသမားများကို နည်းစနစ်သင်ကြားပေးနိုင်ရုံသာမက လမ်းညွှန်မှုပေးနိုင်သူ၊ စိတ်ဓာတ်တက်ကြွစေရန်အတွက် လှုံ့ဆော်မှုပေးနိုင်သည့် ခေါင်းဆောင်တစ်ဦးဖြစ်ရန်လည်းလိုအပ်ပါကြောင်း၊ နည်းပြများရဲ့ အရည်အချင်းပြည့်ဝမှု၊ အရည်အသွေးမြင့်မားမှုဟာ အားကစားလောကအောင်မြင်မှုရဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါကြောင်း၊ ဒီသင်တန်းကတစ်ဆင့် သင်တန်းသား/သင်တန်းသူများ အသိပညာ၊ အတတ်ပညာအသစ်များရရှိပြီး နည်းပြများအချင်းချင်း အားကစားနည်းပညာ Net Work ချိတ်ဆက်မှုများတိုးချဲ့နိုင်သည့် အခွင့်အလမ်းကောင်းများ ရရှိပြီး အချိန်ကိုတန်ဖိုးထားကာ သင်တန်းမှပို့ချသည့် သင်တန်းနည်းပြ ဆရာ/ ဆရာမများ၏ ဟောပြောပို့ချသည့် သင်ခန်းစာများကို တက်တက်ကြွကြွလေ့လာမှတ်သားကြစေလိုကြောင်း၊ သင်တန်းက ရရှိလာသည့် အတွေ့အကြုံကောင်းများကို မိမိတို့ရဲ့ လုပ်ငန်းခွင်များမှာ ပြန်လည်အသုံးချပြီး အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းသား (၁၇) ဦး၊ သင်တန်းသူ (၁၇) ဦး စုစုပေါင်း (၃၄) ဦးတို့ဖြင့် ၂၃-၄-၂ဝ၂၆ ရက်နေ့မှ ၈-၅-၂၀၂၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးပြီး စာတွေ့၊ လက်တွေ့နှင့် အရည်အချင်းစစ်စာမေးပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့် (ပြန်/ဆက်)