ရန်ကုန် ဧပြီ ၂၅
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက မြို့နယ်များ၏ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အောင်မြေသာယာဘုရားလမ်း၊ ဆောက်လုပ်ရေးအောက်ထိပ် မှတ်တိုင်းအနီးတွင် တံတားတည်ဆောက်ခြင်း၊ ဇလားရေမြောင်း တည်ဆောက်ခြင်းနှင့် ပလက်ဖောင်းတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်နေသည့်လုပ်ငန်းများ၏ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ဘုရင့်နောင်ပန်းခြံသို့ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီးဝန်ကြီးများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဌာနမှူးများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်းများ၏အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအား အချိန်မီပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းကိုက်ညီစွာဖြင့် ပြီးစီးအောင် ဆောင်ရွက်ရန် စသည်တို့ကိုမှာကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းမကြီး၊ တညင်းကုန်းလမ်းဆုံအနီး ရထားသံလမ်းတွင် Pannel Flat များ တပ်ဆင်ခြင်းလုပ်ငန်းနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားကာ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းတစ်လျှောက် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ အခြေအနေများကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီး၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ရှေ့မျက်နှာစာတွင် ပြည်သူများသွားလာရေး အဆင်ပြေစေရေးအတွက် အရှည် (၄၂၀၀)ပေ၊ အကျယ် (၁၆)ပေ ကွန်ကရိလမ်းခင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် အရှည် (၄၂၀၀)ပေ၊ အကျယ် (၁၆)ပေ ဇလားပုံရေမြောင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)