တောင်ဥက္ကလာပမြို့နယ်၌ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး (Public Awareness) ဆောင်ရွက်

တောင်ဥက္ကလာပ ဧပြီ ၂၅

ပြည်သူများအမှိုက်စွန့်ပစ်ရာတွင် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေး၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု လျော့ပါးစေရေးနှင့် စနစ်တကျအမှိုက်စွန့်ပစ်နိုင်ရေးတို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် သန့်ရှင်းရေးဌာနမှ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး (Public Awareness) အစီအစဉ်ကို ယနေ့နံနက်ပိုင်းက သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၀) ရပ်ကွက် သုမင်္ဂလာလမ်းမကြီး သုမင်္ဂလာပန်းခြံရှေ့တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အသိပညာပေး ရွေ့လျားယာဉ် (Awareness Mobile Vehicle) များဖြင့် အသိပညာပေး ဆောင်ရွက်ချက်မှတ်တမ်းများ ပြသခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်း၊ ယာဉ်များတွင် အသိပညာပေး ဆောင်ပုဒ်စတေကာများ ကပ်ပေးခြင်း၊ အမှိုက် ၄ မျိုး (အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ) ခွဲခြားစွန့်ပစ်မှုကို လက်တွေ့ပြသ ခြင်း၊ ဝန်ထမ်းများဖြင့် စွန့်ပစ်အမှိုက်အသိပညာပေး တေးသရုပ်ဖော်သီချင်းတို့ဖြင့် သီဆိုကပြခြင်းဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာ‌ပေး ဆောင်ရွက်မှုတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှုး ဒေါ်နန်းတင်ယုဆွေနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်၊ တောင်ဥက္ကလာပမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)