ဂန့်ဂေါ ဧပြီ ၂၅
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၇ နာရီက ဂန့်ဂေါမြို့ ကျောတိုက်ရပ်ကွက်ရှိ မြစ်သာခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ ဂန့်ဂေါခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများအန္တရာယ် အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ဂန့်ဂေါခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်က မြေမြှုပ်မိုင်းအမျိုးအစားများ၊ နင်းမိုင်းများ၊ ခုန်ပျံကွဲမိုင်းများ၊ ပလတ်စတစ်မိုင်းများနှင့် ကြိုးမဲ့လျှပ်စစ် ဖောက်ခွဲကိရိယာ တည်ဆောက်ထားပုံများကို Power Point ဖြင့် ရှင်းလင်းပြသကာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိုင်းနှင့်ပတ်သက်၍ စူးစမ်းလေ့လာခြင်းများ မပြုလုပ်ကြရန်၊ သံသယဖြစ်ဖွယ်ရာ ပုလင်းများ၊ ဘူးခွံများ၊ ပလတ်စတစ်ပိုင်များနှင့် သံပိုက်များတွေ့ရှိပါက ကလေးသူငယ် များနှင့် မိမိတို့ကိုယ်တိုင် ကိုင်တွယ်ထိတွေ့ခြင်းမပြုလုပ်ဘဲ သက်ဆိုင်ရာတာဝန်ရှိသူများကို အမြန်ဆုံး အကြောင်းကြားရမည်ဖြစ်ကြောင်းနှင့် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ၏ အန္တရာယ်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြား၍ အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ဂန့်ဂေါခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့် တာဝန်ရှိသူများ၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးတင်ကိုကိုနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၂၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း (ပြန်/ဆက်)