ထန်းတပင်(ရန်ကုန်) ဧပြီ ၂၅
အစိုးရသစ်၏ ရက်(၁၀၀)အထူးစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ နေပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက်(UID)ထုတ်ပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာရပ်ကွက်ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် ဝါးတရာကျေးရွာ၊ ထိန်ကုန်းကျေးရွာနှင့် လမုတန်းကြီး ကျေးရွာရှိ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက်(UID)ထုတ်ပေးခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဒီနေ့ရက်(၁၀၀)အထူးစီမံချက်နဲ့ ဝါးတရာကျေးရွာ၊ ထိန်ကုန်းကျေးရွာနဲ့ လမုတန်းကြီးကျေးရွာမှာ အကြောင်းအမျိုးမျိုးကြောင့်ကျန်ရှိနေတဲ့ အသက်(၁၈)နှစ်ပြည့်ပြီး ကျေးရွာနေ ပြည်သူတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် (UID)ထုတ်ပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါတယ်၊ လက်ရှိမှာ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နဲ့ အမှတ်(၅)ရပ်ကွက်မှာရှိတဲ့ ရပ်ကွက်ကျေးရွာနေပြည်သူတွေကိုလည်း အိမ်ထောင်စုလူဦးရေစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီးတော့ အမှတ်(၄)ရပ်ကွက်မှာရှိတဲ့ Wide Vision စက်ရုံမှာတော့ စက်ရုံဝန်ထမ်းတွေကို နိုင်ငံသားကိုယ်ရေးအချက်အလက်(UID)ထုတ်ပေးခြင်းလုပ်များကို ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ပြီးလည်းဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ ရပ်ကွက်ကျေးရွာတွေကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ဟု ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ဆွေက ရှင်းပြသည်။
ထန်းတပင်မြို့နယ်အတွင်း ရက်(၁၀၀)အထူးစီမံချက် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက်(UID)ထုတ်ပေးခြင်းလုပ်ငန်းများ ရပ်ကွက်ကျေးရွာများနှင့် စက်ရုံများအရောက် ဧပြီလ(၂၀)ရက်နေ့မှ စတင်ကာကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ကွင်းဆင်းဆောင်ရွက်ပေးမှုအခြေအနေများကို မှော်ဘီခရိုင်ဦးစီးမှူး ဦးခင်မောင်သန်းနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဇင်မင်းထိုက်(ထန်းတပင်)