တွံတေး ဧပြီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တူးချောင်းကြီးကျေးရွာအုပ်စု၊ ဘုရားကျောင်းကျေးရွာတွင် တွံတေးမြို့နယ် ကရင်စာပေနှင့် ယဥ်ကျေးမှုကော်မတီမှ ကြီးမှူးဖွင့်လှစ်သော ကရင်ဒုံးယိမ်းအကသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဘုရားကျောင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အခမ်းအနားကို ဖားစည်တီးခြင်းနှင့် လူငယ်များမှ ကျွဲဂျိုမှုတ်၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ တွံတေးမြို့နယ် ကရင်စာပေနှင့်ယဥ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစောဟိုက်ဆင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တူးချောင်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ရိုးရာယဥ်ကျေးမှု ကရင်ဒုံးယိမ်းအကများဖြင့် ကပြဖျော်ဖြေရာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းနှင့် ကရင်စာပေယဥ်ကျေးမှုကော်မတီများ၊ စာပေနှင့်ယဥ်ကျေးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းဝင်းနှင့် အဖွဲ့ဝင်များ တွံတေးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းထက်အောင်တို့က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဥ်ကျေးမှုကော်မတီအဖွဲ့ဝင်များ၊ စာပေနှင့်ယဥ်ကျေးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းဝင်း၊ တွံတေးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းထက်အောင်၊ တွံတေးမြို့နယ် ကရင်စာပေနှင့်ယဥ်ကျေးမှုကော်မတီဝင်များ၊ ကရင်ဒုံးယိမ်းအကအဖွဲ့များနှင့် ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးလှိုင်