ချောက်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများ ဆွေးနွေး

ချောက် ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ပြည်သူများအတွက် ရပ်ရွာအကျိုးပြုလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအကျိုးရှိစေရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် မ‌ကွေးတိုင်းဒေသကြီး ချောက်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) (FPTP) ဦး‌အောင်လှထွေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) (PR) ဦး‌ဖေသန့်ဇော် (ခ) ဦးဖိုးလပြည့်၊ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးသန်းလှိုင်၊ တိုင်းဒေသကြီးလွှတ်တော် ပေါက်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) (PR) ဦးဝင်းနိုင်ဦးတို့က မိတ်ဆက်စကားပြောကြားခဲ့ကြပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်က စတင်မိတ်ဆက်စကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိတ်ဆက်စကားပြောကြားခဲ့ကြပြီး မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ ရပ်ကွက်များအလိုက် အခြေခံလိုအပ်ချက်များနှင့်ပတ်သက်၍ အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များက မြို့နယ်လုပ်ငန်းဆောင်ရွက်နေမှုများပေါ် အခက်အခဲများရှိပါက တင်ပြဆောင်ရွက်ပေးကြရန်နှင့် ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လိုအပ်မှုများနှင့် အခက်အခဲများကို အချိန်မရွေးတင်ပြဆောင်ရွက်နိုင်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်က လိုအပ်သည်များကို ထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မိုး (ပြန်/ဆက်)