(၇၅)နှစ်ပြည့် စိန်ရတုသဘင်အထိမ်းအမှတ် အဂ္ဂမဟာ စိန်ရတုကျောင်းတော်ကြီး ကျောင်းဆိုင်းဘုတ်နှင့် ကမ္ဗည်းမော်ကွန်းတို့အား ဖွင့်လှစ်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပ

ရန်ကုန် ဧပြီ ၂၅

သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်၏ (၇၅)နှစ်ပြည့် စိန်ရတုသဘင်အထိမ်းအမှတ် အဂ္ဂမဟာ စိန်ရတုကျောင်းတော်ကြီး ကျောင်းဆိုင်းဘုတ်နှင့် ကမ္ဗည်းမော်ကွန်းတို့အား ဖွင့်လှစ်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ သန်လျင်မြို့နယ် မင်းကျောင်းပထမပြန်စာသင်တိုက် ကျောင်းဝင်း၌ ကျင်းပသည်။

အခမ်းအနားကို သန်လျင် မင်းကျောင်းပထမပြန်စာသင်တိုက်၊ နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဋ္ဌေးအောင်နှင့် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများနှင့် ဧည့်ပရိတ်သတ်များက "နမောတဿ" သုံးကြိမ်ရွက်ဆို၍ ဖွင့်လှစ်ကြသည်။

ထို့နောက် သန်လျင် မင်းကျောင်းပထမပြန်စာသင်တိုက်၊ နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဋ္ဌေးအောင်၊ အလှူရှင်များဖြစ်ကြသည့် ဦးဝင်းကျော်နှင့် ဦးအိုက်ရီတို့က အဂ္ဂမဟာ စိန်ရတုကျောင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများက ကျောင်း၏ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြကာ ကမ္ဗည်မော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပတ်ဖြန်းပေးကြသည်။

ယင်းနောက် သန်လျင် မင်းကျောင်းပထမပြန်စာသင်တိုက်၊ နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ အလှူရှင်များက အလှူငွေများကို ဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါ ကျောင်းအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ပန္နတ်တော်တင်၍ အုတ်မြစ်တော်စီခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီလတွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)