ရန်ကုန် ဧပြီ ၂၆
ရန်ကုန်တိုင်းဒေသကြီး “ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆)” အထိမ်း အမှတ် အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်နေသည့် ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ် “မျိုး ဆက်တိုင်းကို ကာကွယ်ထားကာကွယ်ဆေး၏ စွမ်းပကား” Documentary Story နှင့် တေးသီချင်း ဗီဒီယို့တို့အား ပြသသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း ကာကွယ်ဆေးထိုးလုပ်ငန်း ထူးချွန်စွာ ဆောင်ရွက်ခဲ့သော စံပြမြို့နယ်ဖြစ်သည့် မင်္ဂလာဒုံမြို့နယ်အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဂုဏ်ပြုဆုပေးအပ်သည်။
ဆက်လက်၍ လပြည့်ဝန်းကလေးသူငယ်မိသားစု ဖွံ့ဖြိုးတိုးတက်ရေးဂေဟာမှ ကလေးငယ်များက “တို့ ချစ်တဲ့ကမ္ဘာ” သီချင်းဖြင့် သီဆိုဂုဏ်ပြု ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် သီဆိုဂုဏ်ပြု ဖျော်ဖြေတင်ဆက်ကြသော လပြည့်ဝန်းကလေးသူငယ်မိသားစု ဖွံ့ဖြိုးတိုးတက် ရေးဂေဟာမှ ကလေးငယ်များအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)