ပွင့်ဖြူ ဧပြီ ၂၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော မြေပဲဧကအားလုံး ရာနှုန်းပြည့် နုတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြေပဲ ၃၁၆၉ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါမြေပဲစိုက်ခင်းများကို ဒေသခံတောင်သူများ ယခုနှစ်ဇန်နဝါရီလမှ စတင်နုတ်သိမ်းဆောင်ရွက်ခဲ့ရာ ယနေ့တွင် မြေပဲဧကအားလုံးကို ရာနှုန်းပြည့်နုတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် မြေပဲတောင့်ရေ ၅၄ ဒသမ ၆၀ တင်း ထွက်ရှိကြောင်း သိရသည်။
ဆောင်းသီးနှံရာသီ ပွင့်ဖြူမြို့နယ်မှာ မြေပဲ ၃၁၆၉ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီ စိုက်ပျိုးထားတဲ့ မြေပဲစိုက်ခင်းတွေကို လက်ရှိမှာ ရာနှုန်းပြည့် နုတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ မြေပဲကို တစ်နှစ်ထက် တစ်နှစ်တိုးချဲ့စိုက်ပျိုးတာတွေ ရှိလာပါတယ်။ တောင်သူတွေကိုလဲ မြေပဲ စိုက်ပျိုးရာမှာ အထွက်နှုန်းများ တိုးတက်စေဖို့ မျိုးကောင်းမျိုးသန့်တွေ ရရှိအောင်၊ GAP နည်းစနစ်နဲ့ အညီ စိုက်ပျိုးနိုင်အောင်၊ ပိုးမွှားရောဂါကင်းရှင်းအောင် အသိပညာပေးတာတွေ ဆောင်ရွက်ပေးပါတယ်။
နောက်ပြီး မြေပဲနုတ်သိမ်းတာနဲ့ ပတ်သက်ပြီး အထွက်နှုန်းလျော့နည်းမှု မဖြစ်အောင် အချိန်မီ နုတ်သိမ်းကြဖို့နဲ့ နုတ်သိမ်းပြီး မြေပဲများကို အမိုးအကာအောက်သို့ စနစ်တကျ ထားသိုသိမ်းဆည်းကြဖို့ အသိပညာပေးတာတွေ လုပ်ဆောင်ပေးခဲ့ပါတယ်ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီ၌ မြေပဲစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အထွက်နှုန်းကောင်းသော မျိုးသန့်မျိုးစေ့များတိုးချဲ့စိုက်ပျိုးရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးများ စနစ်တကျ သုံးစွဲရေး၊ (GAP) စနစ်နှင့်အညီ စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး စသည့်တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်သူများ စားသုံးဆီဖူလုံရေးနှင့် တောင်သူဦးကြီးများအတွက် သီးနှံဝင်ငွေ တိုးပွားစေရေးအတွက် ဆီထွက်သီးနှံ မြေပဲကိုအထွက်နှုန်း တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီဖူလုံအောင် ဖြည့်ဆည်းပေးနိုင်ရုံသာမက ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သောကြောင့် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်း ကောင်းသော မြေပဲမျိုးများကို ဒေသမရွေး တိုးချဲ့စိုက်ပျိုးသင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)