ဒဂုံတောင် ဧပြီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အမှတ်(၅၅)ရပ်ကွက် ဓမ္မာရုံ၌ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ထို့သို့ ရက်(၁၀၀)စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးညီဇော်ဌေး၏ ကြီးကြပ်မှုဖြင့် လဝကမှူး ဦးမိုးဟိန်း ဦးဆောင်၍ ဝန်ထမ်း(၅)ဦးပါဝင်သောအဖွဲ့က (၅၅) ရပ်ကွက်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူ ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးရာ ရပ်ကွက်နေပြည်သူ(၇၀)ဦးအား နိုင်ငံသားကတ် ဆောင်ရွက်ပေးကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာနေရာသို့ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးစိုးယုက လာရောက်ကြည့်ရှုအားပေးရာ မြို့နယ်ဦးစီးမှူး ဦးညီဇော်ဌေးက လုပ်ငန်းများဆောင်ရွက်ပုံ အဆင့်ဆင့်အား ရှင်းလင်းတင်ပြကြောင်းနှင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူ၍ UID ကတ် ထုတ်ပေးခြင်းများကို သက်ဆိုင်ရာရပ်ကွက်များအလိုက် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။
သန်းသန်းအေး(ပြန်/ဆက်)