ထန်းတပင်(ရန်ကုန်) ဧပြီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့ညစ်ညမ်းမှုဆက်စပ်ပုံနှင့် လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ လူမှုစီးပွားဘဝများ ထိခိုက်နိုင်မှုများကို သိရှိနာလည်စေရန် ရည်ရွယ်၍ “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး” ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဓနဲရိကျေးရွာအုပ်စု၊ ဓနဲရိကျေးရွာ အ.မ.ကကျောင်းနှင့် အေးရွာလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲများတွင် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းက သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ အကြောင်း သစ်တောများကပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတွင် သစ်တောများ၏အရေးပါမှု၊ အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့လျှော့ချရေးအတွက် Fire Hotspots များ လျော့နည်းကျဆင်းအောင် တောမီးရှို့ခြင်း၊ လယ်ယာများ မီးရှို့ခြင်းများမပြုလုပ်ရန်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆောင်ရွက်နေမှု အခြေအနေများ၊ သစ်တောများထိန်းသိန်းရေးအကြောင်းနှင့် သစ်တောမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်း တက်ရောက်လာကြသည့် ကျေးရွာနေပြည်များကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာမြို့နယ်ဦးစီးဌာနမှူးက ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြောပွဲများသို့ တက်ရောက်လာကြသည် ကျေးရွာနေပြည်သူများကိုလည်း မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများက အသိပညာလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)