မကွေး ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များအား ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ခန့်ထားရေးကိစ္စနှင့်မူဝါဒလမ်းညွှန်ချက်များအား Video Conferencing ဖြင့် ချပြရှင်းလင်းမှာကြားခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို က အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး၊ ချောက်၊ မင်းဘူး၊ သရက်၊ အောင်လံ၊ ပခုက္ကူခရိုင်(၆)ခုအတွင်းရှိ မြို့နယ်(၁၉)မြို့နယ်တို့တွင် ပြည်သူ့စစ်မှု ထမ်းဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်မည့် အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း အကျုံးဝင်သူ အမျိုးသား(ကျား)များကို ဆင့်ခေါ်ဆောင်ရွက်လျက်ရှိရာတွင် သင်တန်းအမှတ်စဉ်(၁/၂၀၂၄)မှ သင်တန်းအမှတ်စဉ် (၂၃)(၃/၂၀၂၆)အထိ သင်တန်းအမှတ်စဉ်(၂၃)ခုတွင် သင်တန်းသား စုစုပေါင်း (၉၉၃၆)ဦးအား သင်တန်းတက်ရောက်ရန်ပို့အပ်နိုင်ခဲ့ပြီး၊ ထပ်မံဖွင့်လှစ်မည့် သင်တန်းအမှတ်စဉ်များတွင်လည်း စုစည်းဆောင်ရွက်ပေးရန် လျာထားသတ်မှတ်ထားရှိသည့် အင်အား၏ (၈၀)ရာခိုင်နှုန်း ရရှိအောင် အားသွန်ခွန်စိုက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အဖွဲ့ဝင်တစ်ဦးချင်းစီမှ ကိုယ်စီတာဝန်ခွဲဝေ၍ စုစည်းဆောင်ရွက်ပေးရန်နှင့် ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဂတိတရား(၄)ပါးကင်းရှင်းစွာဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာအကောင်အထည်ဖော် ဆင့်ခေါ်ဆောင်ရွက်ပေးရန်ပြောကြားလိုပါကြောင်း၊ မကြာမီ ရောက်ရှိတော့မည့် မေလနှင့် ဇွန်လဆန်း ကာလများသည် မိုးကြိုကာလဖြစ်သည့်အတွက် မိုးရွာသွန်းမှုများ၊ လေပြင်းတိုက်ခတ်မှုများဖြစ်ပွားနိုင်ပြီး ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်နှင့်ဖြစ်ပွားလာပါက လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများ စီမံဆောင်ရွက်ထားရှိရန်နှင့် သဘာဝဘေးဖြစ်ပွားလာပါကလည်း အချိန်မီသတင်းပေးပို့တင်ပြသွားရန်နှင့် ပျက်စီးဆုံးရှုံးမှုများကိုလည်း အချိန်နှင့်တပြေးညီ ပေးပို့တင်ပြဖို့မှာကြားလိုကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်၍ သာယာလှပစေရေး၊ နှစ်စဉ်ကြုံတွေ့နေရသည့် အပူချိန်ပြင်းထန်မှုကို ဖြေရှင်းနိုင်မည့် နည်းလမ်းအဖြစ် သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းကို ၂၀၂၆ ခုနှစ်၊ မိုးရာသီအကြို လူထုလှုပ်ရှားမှုအနေဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များအား တိုင်းဒေသကြီး အဆင့်(၄)ကြိမ်၊ ခရိုင်အဆင့်(၅)ကြိမ်၊ မြို့နယ်အဆင့်(၁၈)ကြိမ်၊ စုစုပေါင်း(၂၇)ကြိမ်အား ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများအနေဖြင့် သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ လိုအပ်သည်များပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားရန်နှင့် မိမိကြီးကြပ်မှုနယ်မြေအတွင်း စိုက်ပျိုးထားရှိပြီးဖြစ်သည့် သစ်ပင်များအား တစ်ပင်စိုက်တစ်ပင်ရှင်သန်စေရေး အလေးထားကြပ်မတ်ဆောင်ရွက်စေလိုကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ချောက်ခရိုင်တွင် အပူချိန်ပြင်းထန်မှုကို လျှော့ချနိုင်ရေး၊ ရာသီဥတု ပြောင်းလဲသွားပြီး မိုးရွာသွန်းမှုပိုမိုလာစေရေးတို့အတွက် အထူးစိမ်းလန်းစိုပြည်ရေးဇုန်အား ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုရရှိခဲ့သဖြင့်ဆက်လက်ပြီး အထူးစိမ်းလန်းစိုပြည်ရေးဇုန်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာဌာနများ၊ ခရိုင်များက ပေါင်းစပ်ဆောင်ရွက်ကြဖို့မှာကြားလိုပါကြောင်း၊ ထို့အတူ အပူဒဏ်ကာကွယ်ရေးအတွက် ချောက်ခရိုင်တွင် ဉာဏ်တော်အမြင့် (၉၉)ပေရှိပြီး အင်အားရစ်(ခ်)တာစကေး(၈.ဝ)အဆင့်ရှိ မြေငလျင်ဒဏ်ခံနိုင်သည့် စွယ်တော်မြတ်စေတီ (အပူရှောင်စခန်း) တည်ထားကိုးကွယ်နိုင်ရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ ခန့်မှန်းကုန်ကျစရိတ်တွက်ချက်မှုမှာ ငွေကျပ်(၁၄၀၃၃.၇၇၃)သန်း၊ (၁၄) ဘီလီယံကျော် ကုန်ကျမည်ဖြစ်ပြီးရရှိသည့် အလှူငွေမှာ ငွေကျပ် (၃,၆၀၃,၂၉၃,၃၉၃)၊ (၃.၆) ဘီလီယံကျော်သာရရှိပြီးဖြစ်သဖြင့် (၁၀)ဘီလီယံကျော် လိုအပ်နေသေးသည်ဖြစ်၍ အလှူရှင်များမှ လှူဒါန်းနိုင်ရေးကြီးကြပ်ဆောင်ရွက်သွားနိုင်ရန်ဖြစ်ပါကြောင်း၊ မကွေးမြို့တွင် အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် "ရွှေတင့်တူး" စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း စနစ်ကျစက်မှုလယ်ယာထပ်မံဖော်ထုတ်မည့် မြေဧရိယာ(၉၃.၅)ဧကအား ရက်(၁၀၀)စီမံချက်အဖြစ် ဆောင်ရွက်မည်ဖြစ်၍ သတ်မှတ်ရက်များအတွင်း လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မကွေးခရိုင်အနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရန်မှာကြားလိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ကုန်းမြင့်ကော်ဖီ(Arabica)နှင့် မြေနိမ့်ကော်ဖီ(Robusta)များအား တိုးချဲ့စိုက်ပျိုးရေးသက်ဆိုင်ရာခရိုင်များမှ ပေါင်းစပ်ညှိနှိုင်းပြီးဆောင်ရွက်သွားကြရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံပိုလျှံရန်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးစည်းရုံး ဆောင်ရွက်သွားရန်နှင့် မိမိတို့ တိုင်းအတွင်း ကြက်ဥဖူလုံမှုရှိစေရေး ဥစားကြက်ဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အပြင် အသား/ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ လယ်ယာမြေများပေါ်တွင် ခွင့်ပြုမိန့်မရှိဘဲ ကျူးကျော်အသုံးပြုနေထိုင် ဆောက်လုပ်ခြင်းများမရှိစေရေးနှင့် ကျူးကျော်မှုများသတင်းပို့ရန်နှင့် ပျက်ကွက်ပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် အလေးထားကြပ်မတ် ဆောင်ရွက်သွားကြရန်လည်း မှာကြားလိုကြောင်း၊ မကွေးတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ကဏ္ဍအလိုက်သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ခရိုင်စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီများကို တာဝန်ပေးအပ်ထားပြီးဖြစ်လို့ အောင်မြင်အောင်ဆောင်ရွက်ကြဖို့မှာကြားလိုကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း MSME ကဏ္ဍဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်သွားကြရန်နှင့် ဒေသတစ်ခု ထုတ်ကုန် တစ်ခု(One Region One Product) အဖြစ် ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် MSME ထုတ်လုပ်မှုကဏ္ဍပိုမိုတိုးတက်စေရေးအတွက် မြေပဲနှင့် နှမ်းအခြေခံတန်ဖိုးမြှင့်ထုတ်ကုန်များကို တွင်တွင်ကျယ်ကျယ် အကောင်အထည်ဖော်ဆောင်ရွက်ရန် စားသောက်ကုန်သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ ကုန်ကြမ်းဖူလုံစွာရရှိနိုင်စေခြင်း၊ ပြည်တွင်းပြည်ပဈေးကွက် ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်ရန် ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တာဝန်ပေးခန့်အပ်ရန် စာရင်းရှိ(၁၇၄၀)ဦး၊ ခန့်အပ်ပြီး(၁၅၃၈)ဦး၊ ခန့်အပ် ရန်ကျန်(၂၀၂)ဦးကျန်ရှိနေကြောင်းတွေ့ရှိရပါတယ်။ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေနှင့် ၎င်းကိုပြင်ဆင်သည့် ဥပဒေများအရ ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို အသစ်ရွေးချယ်ရန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက စုစည်းပြီး သတ်မှတ်ရက်နေ့အရောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြအတည်ပြုချက်ရယူပြီးခန့်ထားရန်၊ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ရွေးချယ်ခန့်အပ်ခြင်းသည် ရပ်ကွက်၊ ကျေးရွာများတွင် ထိလွယ်ရှလွယ်ပြီး အရေးကြီးသောလုပ်ငန်းစဉ်များဖြစ်ခြင်းကြောင့် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာမဖြစ်ပေါ်စေရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ရှိသူအဆင့်ဆင့်က အလေးထားကြပ်မတ်ဆောင်ရွက်ရန် မှာကြားလိုပါကြောင်းစသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက ဒေသဆိုင်ရာများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး၊ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးခြင်းများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဆွေးနွေးမှာကြားကာ၊ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)