ငဖဲ ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ဇီးတောကျေးရွာအုပ်စု ရှောက်ဝကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက် ရှောက်ဝကျောင်းဆရာတော် ဘဒ္ဒန္တလက္ခဏသာရ၏ ဩဝါဒကိုခံယူပြီး ဆရာတော်၏တပည့်များမှကြီးမှူး၍ မတ်လ ၂၀ ရက်နေ့မှ ဧပြီလ ၂၀ ရက်နေ့ထိ တစ်လကြာဖွင့်လှစ်သင်ကြားပေးခဲ့သည့် ဆဌမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆင်းပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီအချိန်က အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များ၊ ဧည့်ပရိသတ်များနှင့် ကျောင်းသား/ကျောင်းသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဦးစီးပဓာန နာယကဆရာတော် မင်းဘူးမြို့အေးစေတီမြောက်ကျောင်း ဆရာတော် ဦးဉာဏောဘာသထံက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ရှောက်ဝဘုန်းတော်ကြီးကျောင်း သင်တန်းနည်းပြဆရာတော် ဦးယုဇနမှ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း အောင်မြင်အောင်ဖွင့်လှစ်သင်ကြားခဲ့ကြသည့်အတွက် ဝမ်းမြောက်ကြောင်း ဩဝါဒစကားမိန့်ကြားကာ ဆရာတော်ဦးသီရိန္ဒာလင်္ကာရက ကျောင်းသားကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်များတွင် အကျိုးရှိအောင်၊ အခြေခံကိုယ်ကျင့်တရားကောင်းမွန်အောင်၊ လိမ္မာယဉ်ကျေးသည့် လူတော်လူကောင်းများပေါ်ထွန်းလာအောင် သင်ကြားပေးခဲ့သည့် ဆရာတော်များ၊ ဆရာ၊ ဆရာမများနှင့် ဝိုင်းဝန်းပံ့ပိုးကြသည့် အလှူရှင်များကို ကျေးဇူးတင်ဝမ်းမြောက်ကြောင်း မိန့်ကြားသည်။
ဆက်လက်၍ ဆုချီးမြှင့်ပေးအပ်ပွဲကိုကျင်းပရာ ပထမဆင့်နှင့် ဒုတိယဆင့် သင်ယူမှု ဆုရရှိသူ ပထမ၊ ဒုတိယ၊ တတိယ ဆုအသီးသီးရရှိသူ (၆)ဦး နှင့် နှစ်သိမ့်ဆုရရှိသူ (၃၉)ဦးတို့အား ဂုဏ်ပြုအောင်လက်မှတ်နှင့် စုစုပေါင်းဆုချီးမြှင့်ငွေကျပ် ၂၅ သိန်းခန့်ကို မင်းဘူးမြို့ အေးစေတီမြောက်ကျောင်းဆရာတော်နှင့်သင်တန်းနည်းပြ ဆရာတော်များ၊ ကျေးရွာခွဲတာဝန်ခံနှင့် ဆရာ၊ ဆရာမများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ရှောက်ဝကျေးရွာ ဆဌမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းသို့ ကျေးရွာအတွင်းရှိ ကျောင်းသားကျောင်းသူ (၄၅)ဦး တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)