ထန်းတပင် ဧပြီ ၂၇
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်) သို့ သွားရောက်၍ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား ကျန်းမာရေးပြုစုစောင့်ရှောက်ပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဦးစွာ ဆေးရုံအစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီးက ဆေးရုံအုပ်ကြီး၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများအား တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး အလုပ်သမားဆေးရုံ (ထန်းတပင်) ခေတ္တဆေးရုံအုပ်ကြီး ကဆေးရုံကြီး၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများက ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ ဆေးရုံကြီးတွင် တက်ရောက်ကာဆေးကုသလျက်ရှိသည့် အာမခံအလုပ်သမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးစောင့်ရှောက်ပေးမှုအခြေအနေများ ကြည့်ရှုအားပေးရာသို့လည်း မှော်ဘီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနေလင်း၊ ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းရီ၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကြည်စိုး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၊ ထန်းတပင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်