ပွင့်ဖြူ ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံရေးအတွက် တာဝန်သိစိတ်ဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ လုပ်ငန်းစွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးလင်းလင်းအောင်က စလင်းတပ်နယ်မှူးကိုယ်စား အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးမင်းပိုင်စိုးက စွမ်းရည်မြှင့်မွမ်းမံသင်တန်းမိန့်ခွန်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမျိုးက စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ တက်ရောက်သည့် သင်တန်းသားများအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့သောငွေကျပ် ငါးသိန်းကျပ်ကို မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်နှင့် တာဝန်ရှိသူများက သင်တန်းသားကိုယ်စားလှယ်တစ်ဦးထံ ထောက်ပံ့ပေးအပ်သည်။
အဆိုပါ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေးတာဝန်) လုပ်ငန်းစွမ်းရည်မြှင့် မွမ်းမံသင်တန်းကို ယနေ့မှစပြီး ရက်သတ္တပတ် လေးပတ်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )