ထန်းတပင်မြို့နယ်၌ နွေရာသီ (၃၈) ဖြာမင်္ဂလာနှင့် အခြေခံယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

ထန်းတပင် ဧပြီ ၂၇

(၃၈) ဖြာမင်္ဂလာတရားတော်မြတ်များကို လိုက်နာကျင့်သုံးနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) တို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ (၃၈) ဖြာမင်္ဂလာနှင့် အခြေခံယဥ်ကျေးလိမ္မာ သင်တန်းကို ယမန်နေ့၊ နံနက်ပိုင်းက ဘူးသနွတ်ကျေးရွာအုပ်စု၊ အနောက်ကြို့ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ခဲ့ကြသည်။

ဦးစွာနမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး အနောက်ကြို့ကုန်းကျေးရွာ သီရီဝိန္ဒာရာမကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော်အရှင်သောဘိသထံမှ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များနှင့် ကျောင်းသား၊ ကျောင်းသူများက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး အတွင်းရေးမှူး ဦးရန်လင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

နွေရာသီယဥ်ကျေးလိမ္မာသင်တန်းများဖြစ်သည့် အခြေခံဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာ (KG) အဆင့်သင်တန်းနှင့် (၃၈) ဖြာမင်္ဂလာနှင့် ဗုဒ္ဓဝင်၊ ပြည်သူ့နီတိအခြေခံ ပထမအဆင့်သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၀) ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကို ဧပြီလ (၂၆) ရက်နေ့မှ မေလ (၂) ရက်နေ့အထိ နေ့စဥ်ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းရီ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင်နှင့် အတွင်းရေးမှူး ဦးရန်လင်းအောင်တို့က YMBA (ဗဟို) မှထုတ်ဝေသည့် (၃၈) ဖြာမင်္ဂလာစာအုပ်များနှင့် သင်ထောက်ကူပြုစာရေးကိရိယာပစ္စည်းများကို ကျေးရွာတာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်