မြောက်ဥက္ကလာပမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ တာ၀န်ရှိသူများက ကြည့်ရှုစစ်ဆေး

မြောက်ဥက္ကလာ ဧပြီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်‌ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက (ဌ) ရပ်ကွက်၊ သုနန္ဒာလမ်း၊ လူငယ်စာကြည့်တိုက်တွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မရမ်းကုန်းခရိုင်ဦးစီးမှူး ဦးရန်နိုင် ကြီးကြပ်၍ မြောက်ဥက္ကလာမြို့နယ်ဦးစီးမှူး ဦးစံတင်ဦး ဦးဆောင်မှုဖြင့် ဝန်ထမ်းများပါဝင်သော အဖွဲ့က (ဌ) ရပ်ကွက်အတွင်းရှိ အသက် (၁၈) နှစ်ပြည့်ပြီးသူ ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာနေရာသို့ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဒေါ်၀င်း၀င်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့် အဖွဲ့၀င်များက လာရောက်ကြည့်ရှုအားပေးရာ မြို့နယ်ဦးစီးမှူးက လုပ်ငန်းများဆောင်ရွက်ပုံအဆင့်ဆင့်အား လိုက်လံရှင်းလင်းပြသပြီး နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူ၍ UID ကတ် ထုတ်‌ပေးခြင်းများကို သက်ဆိုင်ရာရပ်ကွက်များအလိုက် မြေပြင်ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)