ဆိပ်ဖြူ ဧပြီ ၂၈
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများ သဘာဝမြေသြဇာကိုယ်တိုင် ထုတ်လုပ်သုံးစွဲနိုင်ရေး သဘာဝမြေသြဇာထုတ်လုပ်နည်း တောင်သူပညာပေးကို ယမန်နေ့ နံနက် ၉ နာရီက အနောက်ပိုင်ရပ်ကွက်တွင်ပြုလုပ်သည်။
ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံများ စိုက်ပျိုးဆောင်ရွက်ရာတွင် သွင်းအားစုဓာတ်မြေသြဇာများသုံးစွဲမှု လျှော့ချနိုင်စေရေးနှင့် ဓာတ်မြေသြဇာဈေးနှုန်းမြှင့်မားတို့မှ သက်သာစွာဆောင်ရွက်နိုင်ပြီး သီနှံအထွက်နှုန်းမြှင့်မား တိုးတက်ရေးအတွက် ကုန်ကျစရိတ်သက်သာသည့် လယ်ယာစွန့်ပြစ်ပစ္စည်းများနှင့် သစ်ရွက်ဆွေးတို့ကို အသုံးပြု၍ သွင်းအားစု သဘာဝမြေသြဇာကိုယ်တိုင်ထုတ်လုပ်သုံးစွဲ စိုက်ပျိုးရေးကဏ္ဍ အောင်မြင်ဖြစ်ထွန်းစေရန် ရည်ရွယ်၍ သဘာဝမြေသြဇာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး တောင်သူပညာပေး လုပ်ငန်းဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးဇော်မင်းနိုင်က တက်ရောက်လာသည့်ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများအား သွင်းအားစု သဘာဝမြေသြဇာပြုခြင်းမှ ရရှိလာမည်အကျိုးကျေးဇူများကို ရှင်းလင်းပြောကြားပေးပြီး လယ်ယာစွန့်ပြစ်ပစ္စည်းများ၊ သစ်ရွက်ဆွေးများနှင့် နွားချေး၊ ဖွဲနု၊ နှမ်းဖက်တို့ကို အသုံးပြု၍ အီးအမ်ဖျော်ရည်ရောစပ် သဘာဝမြေသြဇာပြုလုပ်ပုံတို့ကို လက်တွေ့ပြုလုပ်ပြသပေးသည်။ ထို့နောက် တောင်သူများအား မြေသြဇာသုံးစွဲရမည့်အချိန်နှင့် စိုက်ဧကများအတွက် ဧည့်သွင်းအသုံးပြုရမည့် ပမာဏအချိုးအစားများကို ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)