ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နှမ်း ၅၇၆၂၅ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကာ အောင်မြင်ဖြစ်ထွန်း

ပွင့်ဖြူ ဧပြီ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နှမ်း ၅၇၆၂၅ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးရေဖူလုံမှုကြောင့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နှမ်း ၃၃၇၃၇ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် မတ်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် နှမ်း ၅၇၆၂၅ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားဧကထက် ပိုမိုစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“ဒီနှစ် နွေသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ နှမ်း ၃၃၇၃၇ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ နှမ်း ၅၇၆၂၅ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်လို့ လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ နှမ်းစိုက်ပျိုးတာနဲ့ ပတ်သက်ပြီး တစ်နှစ်ထက်တစ်နှစ် စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးနိုင်ဖို့၊ အထွက်နှုန်းတွေ ကောင်းမွန်ဖို့၊ GAP နည်းစနစ်များနဲ့အညီ စိုက်ပျိုးနိုင်ဖို့အတွက် လိုအပ်တဲ့ စိုက်ပျိုးရေးအသိပညာပေးတာတွေကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးနေပါတယ်။ စိုက်ပျိုးရေလဲ ဖူလုံတဲ့အတွက် နွေနှမ်းစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ ဒေသတွင်းရှိ နှမ်းစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နှမ်းစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ GAP နည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်သည့်မျိုးများ စိုက်ပျိုးနိုင်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နှမ်းကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်း ဆီစားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် နှမ်းကိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုပမ်းဆောင်ရွက်သင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)