ငဖဲမြို့နယ်တွင် နဝမအကြိမ်မြောက် စာအောင်ဆုနှင်းသဘင်ဂုဏ်ပြုပူဇော်ပွဲ ကျင်းပ

ငဖဲ ဧပြီ ၂၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပေကုန်းကျေးရွာ ကန်လယ်မင်းသာသနာ နုဂ္ဂဟ အသင်းကြီးမှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် နိုင်ငံတော်အစိုးရ ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲတို့၌ ဖြေဆိုအောင်မြင်တော်မူသော သံဃာတော်များအား နဝမအကြိမ်မြောက် စာအောင်ဆုနှင်းသဘင် ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ပေကုန်းကျေးရွာ ကန်လယ်မင်းကျောင်းတိုက်တွင် ယမန်နေ့မွန်းလွဲ ၁ နာရီက  ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို တက်ရောက်လာကြသော သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး မြို့နယ်သံဃနာယက အတွင်းရေးမှူး သီပေါ်ကျောင်းဆရာတော် ဦးဉာဏုတ္တရထံမှ သရဏဂုံ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်တို့မှ ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္ဈာယ်ကြကာ ဆရာတော်ထံမှ ဩဝါဒကထာနာကြား၍ မြို့နယ်သံဃနာယက ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် စာအောင်သံဃာတော်များကိုယ်စား အရှင်အဂ္ဂဝံသာလတီဂရမှ ဆုချီးမြှင့်ပွဲနှင့် ပတ်သက်၍ ဝမ်းမြောက်ကြောင်း လျှောက်ထားပြီး ကန်လယ်မင်းသာသနာ့နုဂ္ဂဟအသင်းဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ဂုဏ်ပြုပူဇော်ပွဲဆိုင်ရာကိစ္စရပ်များကို တင်ပြလျှောက်ထားသည်။

အဆိုပါဂုဏ်ပြုပူဇော်ပွဲတွင် သာသနဓဇဓမ္မာစရိယဘွဲ့ရ ၁ ပါး၊ ဓမ္မာစရိယနှစ်ကျမ်းစွဲအောင် ၄ ပါး၊   ဓမ္မာစရိယတစ်ကျမ်းစွဲအောင် ၂ ပါး၊ ပထမလတ်တန်းအောင် ၁ ပါး၊ ပထမငယ်တန်းအောင် ၅ ပါး၊ အခြေပြုမူလတန်းအောင် ၈ ပါး၊  စုစုပေါင်း သံဃာတော်နှင့်သီလရှင် ၂၁ ပါးအတွက် ဂုဏ်ပြုပူဇော် ချီးမြှင့်ငွေကျပ် (၁၅၁၀၀၀၀/-)ကို ကန်လယ်မင်း သာသနာနုဂ္ဂဟအသင်းကြီးနှင့် အလှူရှင်များက ဂုဏ်ပြု ပူဇော်လွှာနှင့်အတူ ဆက်ကပ်လှူဒါန်းကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည် ပေးအပ်သည်။

ထို့နောက် ငဖဲမြို့နယ် ပဒါန်းဥတ္တရာရာမကျောင်းတိုက် ဆရာတော်ဦးဓမ္မသာရက လှူဒါန်းမှုအစုစုကို ရေစက်ချအမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)