ရန်ကုန် ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မရမ်းကုန်းမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁) ရပ်ကွက် သာသနာ့ဗိမာန်တော်ကြီးရှိ ဇေယျတုမင်္ဂလာခန်းမတွင် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မရမ်းကုန်းခရိုင်ဦးစီးမှူး ဦးရန်နိုင် ကြီးကြပ်၍ မရမ်းကုန်းမြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးဆောင်မှုဖြင့် ဝန်ထမ်းများပါဝင်သောအဖွဲ့က အမှတ်(၁)ရပ်ကွက် အတွင်းရှိ အသက် (၁၈) နှစ်ပြည့်ပြီးသူ ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာနေရာသို့ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦး မင်းသိန်းထွန်း ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မရမ်းကုန်းခရိုင်ဦးစီးမှူး ဦးရန်နိုင် ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်အောင် နှင့် အဖွဲ့၀င်များက လာရောက်ကြည့်ရှုအားပေးရာ မြို့နယ်ဦးစီးမှူးက လုပ်ငန်းများဆောင်ရွက်ပုံ အဆင့်ဆင့်အား လိုက်လံရှင်းလင်းပြသပြီး နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူ၍ UID ကတ် ထုတ်ပေးခြင်းများကို သက်ဆိုင်ရာရပ်ကွက်များအလိုက် မြေပြင်ကွင်းဆင်း ၍ ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)