မင်းတုန်းမြို့ စည်ပင်သာယာဈေးတွင် မီးဘေးလုံခြုံရေးစစ်ဆေး

မင်းတုန်း ဧပြီ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ မြို့နယ်စည်ပင်သာယာဈေးတွင် ဧပြီ ၂၆ ရက်နေ့နံနက် ၈ နာရီက မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် စျေးပိတ်ချိန် လျှပ်စစ်မီးကြိုးများ၊ မီးခလုတ်များ စစ်ဆေးခြင်းနှင့် မီးကြွင်းမီးကျန်များမရှိစေရေး၊ မီးလောင်လွယ်သောပစ္စည်းများ စုပုံထားရှိမှုမရှိစေရေး၊ ကုန်ပစ္စည်းများ အဆမတန်သိုလှောင်ထားရှိမှုမရှိစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ အသင့်ရှိစေရေးတို့အတွက် လိုက်လံစစ်ဆေး သတိပေးဆော်သြခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဝန်ထမ်းများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချင်းကလေး(NRDC)