ဒလ ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများဖြင့် တွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ်(၁:၀၀)နာရီအချိန်က ကျင်းပခဲ့သည်။
တွေ့ဆုံပွဲတွင် ဒလမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မြင့် ၊အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သီဟ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေဝင်းတို့က မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေး ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများနှင့်လည်း ယခုကဲ့သို့ နောင်တွင်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာလုပ်ငန်းများသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်သောကြောင့် လုပ်ငန်းများအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော လမ်း၊ တံတား၊ လျှပ်စစ်၊ ရေရရှိရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကိစ္စရပ်များအား အသေးစိတ်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်နွယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်တို့က ဒေသဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့ပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရပ်ကွက်၊ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တင်ပြဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
သတင်းပေးပို့သူ-ခင်စန္ဒာမြင့်(ပြန်/ဆက်)