မကွေး ဧပြီ ၂၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မကွေတိုင်းဒေသကြီး၊ မကွေးမြို့နယ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းအနေဖြင့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မကွေးမြို့နယ်၊ လျောင်းတော်ဦးကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနား၌ တိုင်းဦးစီးမှူး ဒေါ်စုစုခိုင်မှ အဖွင့်အမှာစကားပြောကြာရာတွင် မကွေးမြို့နယ်၊ လျောင်းတော်ဦးကျေးရွာတွင် ယခုဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းကို အခြေခံနှင့်မွမ်းမံသင်တန်းကို ၄၅ ရက်ကြာ သင်ကြားပေးမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီးအသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၉)ရွာ၌ လုပ်ငန်းရှင်(၄၅)ဦး၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၁၆)ရွာ၌ လုပ်ငန်းရှင်(၈၀)ဦး၊ ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၂၁)ရွာ၌ လုပ်ငန်းရှင်(၁ဝ၅)ဦး မွေးထုတ်ပေးနိုင်ခဲ့သဖြင့် ပြီးခဲ့သည့် (၃)နှစ်တာကာလအတွင်း မကွေးတိုင်းဒေသကြီးတွင် လုပ်ငန်းရှင်(၂၃၀)ဦး ပေါ်ထွန်းလာခဲ့ပါကြောင်း၊ ယခု၂ဝ၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင်လည်း ကျေးရွာပေါင်း(၂၃)ရွာတွင် သင်တန်းများဖွင့်လှစ်ရန် လျာထားပြီးဖြစ်ပါကြောင်း၊ ရက်၁၀၀အတွင်း စီမံကိန်း(၁၆)ခု ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယခုဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းတွင် သင်တန်းသားများအား သက်ဆိုင်ရာနည်းပညာရပ်များကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ စာတွေ့(၃၀)ရာခိုင်နှုန်း၊ လက်တွေ့(၇၀)ရာခိုင်နှုန်း သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား သက်မှတ်ချက်များနှင့်အညီ ရွေးချယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးပြီး ရက် ၁၀၀ အတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန် ဆောင်ရွက်ပေးသွားမည့်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)