ချောက် ဧပြီ ၂၈
၂၀၂၆ခုနှစ်၊ မေလ(၅)ရက်နေ့တွင်ကျရောက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့်ချောက်မြို့နယ်မီးသတ်ဦးစီးဌာနမှ ချောက်မြို့မဈေးမီးဘေး ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ချောက်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်းဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်လတ်လတ်ဌေးနှင့်ဝန်ထမ်းများက မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်ခန်းများ လျှပ်စစ်မီးသုံးစွဲမှုများနှင့်လျှပ်စစ်မီးမိန်းခုံများ ကောင်းမွန်မှုရှိ/မရှိစစ်ဆေးခြင်း၊ မြို့မစျေးအတွင်းရေဂါလံ (၂၇၀၀)ဆံ မြေအောက်ရေကန်(၂)ကန်နှင့် ဆက်သွယ်တပ်ဆင်ထားသည့်ရေပိုက်များအား မီးသတ်စက်များဖြင့် ရေစုပ်ပက်ဖြန်းစမ်းသပ်ခြင်းများဆောင်ရွက်ခြင်း၊ မီးဘေးကာကွယ်ရေး ပစ္စည်းများဖြစ်သည့် မီးသတ်စက်၊ မီးသတ်ဆေးဘူးများ ကြံ့ခိုင်ကောင်းမွန်မှုရှိ/မရှိ၊ လက်တွေ့အသုံးချနိုင်မှုရှိ/မရှိစစ်ဆေး ဆောင်ရွက်ခဲ့ပြီး ဈေးကြီးဧရိယာအတွင်း မီးလန့်မှု၊မီးလောင်မှုဖြစ်ပွားပါက မီးငြိမ်းသတ်ယာဉ်များ အလွယ်တကူဝင်ထွက်သွားလာငြိမ်းသတ်နိုင်ရေးတို့အတွက် အကြံပေးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)