မင်းဘူး ဧပြီ ၂၈
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ ဖူးစားပြောင်းစိုက် တောင်သူများသည် ပြောင်းဖူးပင်များ အောင်မြင်ဖြစ်ထွန်းပြီး၊ ပြောင်းဖူးဈေးကောင်းသောကြောင့် စိုက်ပျိုးသူများအတွက် တွက်ချေကိုက်ကာ အဆင်ပြေလျက်ရှိကြောင်း ပြောင်းစိုက်ပျိုးသူများထံမှ သိရသည်။
ဖူးစားပြောင်းများစိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစွာရရှိရန် လိုအပ်သည်။ နွေနှင့်ဆောင်းရာသီများ စိုက်ပျိုးလျှင် ရေသွင်း၍မြေအစိုဓာတ် ရေလုံလောက်စွာရရှိရန် ပြုလုပ်ပေးရသည်။ စိုက်ပျိုးပြီး အပင်များကြီးထွား၍ ဝတ်ဆံတည်ချိန်တွင် အပင်များအားထိခိုက်ပြီး ဝတ်ဆံကြွေလွင့်မသွားအောင် ဂရုစိုက်ပေးရသည်။ ဝတ်ဆံများပျက်စီးပြီးကြွေကျသွားပါက ပြောင်းဖူးစေ့အောင်မြင်မှု လျှော့ကျသွားနိုင်သောကြောင့်ဖြစ်သည်။
ဖူးစားပြောင်းများကို စိုက်ပျိုးပြီး ၂ လအကြာတွင် ဖူးစပြုပြီး ၃ လအတွင်းခုတ်၍ ရောင်းချနိုင်သည်။ မင်းဘူးမြို့၏ လက်ရှိပြောင်းဖူးဈေးနှုန်းများမှာ လက်လီဈေးတစ်ဖူးလျှင်ကျပ် ၃၅၀၊ သုံးဖူး ၁၀၀၀ နှုန်းရောင်းချရသည်။ ပြောင်းဖူးပင်များကို စနစ်တကျစိုက်ပျိုးထားပါက ပြောင်းဖူးအထွက်နှုန်းများ ပို၍ကောင်းစေသည်။ ဖူးစားပြောင်းများကို ပြောင်းကြမ်း၊ သကြားပြောင်း၊ ပြောင်းစေးဟူ၍ သုံးမျိုးရှိပြီး ပြောင်းကြမ်းမှာ တိရစ္ဆာန်များအတွက်သာ အသုံးပြုစိုက်ပျိုးကြသည်၊၊
ပြောင်းဖူးများ စိုက်ပျိုးရာတွင် ကျဲပက်ခြင်း၊ အတန်းလိုက် အစေ့ချစိုက်ပျိုးခြင်း စသည်ဖြင့် အမျိုးမျိုးရှိသော်လည်း အတန်းလိုက်အစေ့ချ၍ စနစ်တကျစိုက်ပျိုးခြင်းဖြင့် ရေသွယ်ခြင်း၊ ဆေးဖျန်းခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်းများ ပြုလုပ်ပေးနိုင်သည့်အတွက် ပြောင်းဖူးပင်များပို၍ ရှင်သန်ကြီးထွားပြီး အဖူးများကိုလည်း ချောစေသည်။ ပြောင်းဖူးပင်များမှာ ၁ ဧက အပင်ရေ ၁၀၀၀၀ ဝန်းကျင်ရှိပြီး၊ တစ်ပင်ကို သုံးဖူး/လေးဖူးအထိဖူးကာ ပြောင်းစိုက်ပျိုးသူများမှာ အဆင်ပြေနေကြပြီး ဝင်ငွေကောင်းနေကြကြောင်း မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာ ဖူးစားပြောင်း စိုက်ပျိုးသူများထံမှ သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)