ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားပြုလုပ်

ဒဂုံတောင် ဧပြီ ၂၈

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ပြည်သူများအတွက် ရပ်ရွာအကျိုးပြုလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအကျိုးရှိစေရန်ရည်ရွယ်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က အဖွင့်အမှာစကားပြောကြား၍ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးပိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်း‌ဌေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးယုနှင့် ဦးဇော်မိုးထိုက်တို့က မိတ်ဆက်စကားပြောကြားခြင်းနှင့် မိမိတို့ကိုယ်စားပြုသည့် မဲဆန္ဒနယ်မြေများရှိ ပြည်သူများ၏လိုအပ်ချက်များကို ဥပဒေပြုရေးနှင့် မူဝါဒရေးရာကဏ္ဍများတွင် ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိတ်ဆက်စကားပြောကြားကြပြီး မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ ရပ်ကွက်များအလိုက် အခြေခံလိုအပ်ချက်များနှင့်ပတ်သက်၍ အသီးသီး တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက တင်ပြဆွေးနွေးချက်များအပေါ် နိဂုံးချုပ် ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားကြောင်း သိရသည်။

နေမျိုးအောင် (ပြန်/ဆက်)