မင်းဘူးမြို့၌ သံပုရာသီဈေးနှုန်းများ ကျဆင်း

မင်းဘူး ဧပြီ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ သံပုရာသီး ဈေးနှုန်းများ ဆက်တိုက်ကျဆင်းလျက်ရှိကြောင်း သံပုရာသီးရောင်းဝယ်သူပွဲစားများထံမှ သိရသည်။

တပို့တွဲ၊ တပေါင်းလများက သံပုရာသီးဈေးကောင်းကာ တစ်လုံးလျှင် လက်လီဈေး ၈၀၀ ကျပ်အထိ ဈေးရရှိကြသော်လည်း သင်္ကြန်ကျော်ကာလမှစတင်ကာ ဖောက်သည်ဈေး ၄၀၀ မှ ၃၀၀၊ ယခုအချိန်တွင် ဖောက်သည်ဈေး ၁၀၀/၁၅၀ ကျပ်သာ ဈေးရှိတော့သည်။

သံပုရာသီးဈေးမှာ နွေရာသီတွင် ဈေးကောင်းရရှိကြသော်လည်း မိုးတွင်းကာလတွင် တစ်လုံး ၅၀/၁၀၀ ကျပ်သာ ဈေးရရှိကြသည်။ ယခုအချိန် အချို့ နေရာဒေသများတွင် မိုးအနည်းငယ် ရွာသွန်းစပြုနေပြီး သံပုရာသီးများလည်း ပေါလာသဖြင့် သံပုသီးဈေးကျဆင်းကြောင်း ပြောကြသည်။ သံပုရာပင်များကို မိုးရာသီတွင် အထူးပြုပြင်စရာမလိုသော်လည်း၊ နွေရာသီတွင် မြေဆွေး၊ မြေဩဇာကျွေး၍ ရေမှန်မှန်လောင်းပေးပါက သံပုရာသီး ပိုသီးကြောင်း သံပုရာခြံပိုင်ရှင်တစ်ဦးထံမှ သိရသည်။

မင်းဘူး(စက)မြို့နယ်တွင် တနိုင်တပိုင် မိသားစုစီးပွားရေးအဖြစ် သံပုရာစိုက်ပျိုးထားသူများလည်းရှိကြောင်း သိရသည်။ လက်ရှိနွေရာသီကာလမှာ သံပုရာသီးရှားပါးတာကြောင့် အဝယ်ဒိုင်တွေက  သံပုရာခြံတွေအထိ ကွင်းဆင်းကာ တိုက်ရိုက်ဝယ်ယူနေကြတာဖြစ်တယ်လို့ လည်းဆိုကြသည်။

သံပုရာပင်က နှစ်ရှည်သီးနှံပင်ဖြစ်တဲ့အပြင် စိုက်ပျိုးရေးဆေး အသုံးပြုရမှုလည်း နည်းကြောင်း၊ သံပုရာပင်တစ်ပင်ကို စတင်စိုက်ပျိုးချိန်ကနေ ၄ နှစ်အကြာမှာ အသီးစတင် ခူးဆွတ်ရောင်းချလို့ရကြောင်း ၎င်းက ပြောပြသည်။ သံပုရာသီးက ဆေးဖက်ဝင်တဲ့အတွက် ဆေးဖော်စပ်ရာမှာ အသုံးပြုကြသလို မုန့်လုပ်ငန်း၊ ဖျော်ရည်လုပ်ငန်း၊ စားသောက်ဆိုင်များစတဲ့ ပြည်တွင်းသုံးလုပ်ငန်းတွေမှာ အသုံးပြုမှုများရှိကြောင်း သိရသည်

ဇေယျာနိုင်(ရွှေကန်မြေ)