ဘောလခဲ ဩဂုတ် ၅
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် ကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးကို ယနေ့ နံနက်(၁၀) နာရီက မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးမြင့်ဦးက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ ၏ ဒီမိုကရေစီအသွင်ကူးပြောင်းကာလတွင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၌ ပါဝင်သော ဌာနဆိုင်ရာ များနှင့် အများယုံကြည် လေးစားခံရသော ပုဂ္ဂိုလ်များသည် မိတ်ဖက်များဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ဘောလခဲ မြို့နယ်ရှိ သက်ဆိုင်ရာ လွှတ်တော်အလိုက် ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များကို သတ်မှတ် ကြေညာပြီး ဖြစ်ကြောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားများ အားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများ ရရှိရေးအတွက် ၂၀၁၉ခုနှစ်မှ စတင်၍ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊မဲစာရင်း ကပ်ထား ကြေညာချိန်တွင် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် သွားရောက်ကြည့်ရှုရန် အရပ်ဘက် အဖွဲ့အစည်းများက မဲဆန္ဒရှင်ကို အသိပညာပေး ကူညီ ဆောင်ရွက်ပေးစေလိုကြောင်း၊ ပထမအကြိမ် မဲစာရင်း ကပ်ထားကြေညာပြီး တောင်းဆိုခြင်း၊ပြင်ဆင်ခြင်းများကို ဖြည့်စွက် ပြင်ဆင်ဆောင်ရွက်ပြီးနောက် ဒုတိယအကြိမ် မဲစာရင်းကြေညာခြင်းကို အောက်တိုဘာလ(၁၄) ရက်နေ့တွင် ထပ်မံကြေညာမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်များ အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ပြန်ကြားရေးဝန်ကြီးဌာန၊ INGO ၊NGO များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘောလခဲမြို့နယ်တွင် မဲရုံပေါင်း(၁၆)ရုံ လျာထား သတ်မှတ်ပြီး ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွန်ကြားချက်နှင့်အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးရေးကာလနှင့် ရွေးကောက်ပွဲ ကျင်းပစဉ် ကာလအတွင်း ပဠိပက္ခများ၊ အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ရန်အတွက် ညွန်ကြားချက် ရောက်လာသည်နှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီများ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းနှင့် မဲလုံခြုံရေး အတွက်လည်း သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ အတွင်းရေးမှူးက ထပ်ဆင့်အမှာစကား ပြောကြားပြီး တက်ရောက် လာကြသည့် အဖွဲ့ဝင်များက ဖြည့်စွက်ညှိနှိုင်း ဆွေးနွေး တင်ပြခဲ့ ကြောင်း သိရသည်။
ဖိုးရယ်