ပဲခူး မေ ၂
ပဲခူးမြို့ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန်ကျောင်းသား/သူများသည် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းထံမှ ဩဝါဒခံယူခဲ့ကြောင်းနှင့် ဘက်စုံထူးချွန် လူရည်ချွန်ကျောင်းသား/သူများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ရမည့် မျိုးဆက်သစ်လူငယ်များအတွက် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် အတတ်ပညာရှင်၊ အသိပညာရှင်များဖြစ်စေရေး၊ ဗလငါးတန်ပြည့်ဝရေးအတွက် ပညာရေးကဏ္ဍကို မဖြစ်မနေ မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လူရည်ချွန်များ ရွေးချယ်ရာတွင် စာပေဘာသာရပ်ဖြင့်သာ စစ်ဆေးအကဲဖြတ်ခြင်းမဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုနှင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ စာရိတ္တပိုင်းဆိုင်ရာ ကောင်းမွန်မှုများကိုပါ စနစ်တကျ စိစစ်ရွေးချယ်ခြင်းဖြစ်ပြီး အဆင့်ဆင့်စိစစ် ရွေးချယ်မှုများကို ကျော်ဖြတ်ကာ ထူးချွန်စွာ အောင်မြင်သူများဖြစ်သည့်အတွက် ဘဝတစ်သက်တာမှာ ဂုဏ်ယူဖွယ်ရာအဖြစ် တည်ရှိနေမှာဖြစ်ကြောင်း၊ ရွေးချယ်ခံခဲ့ရသည့် လူရည်ချွန်မောင်/မယ်များအနေဖြင့် တိုင်းချစ် ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်များ ထက်သန်ပြီး ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်း တန်ဖိုးထားတတ်စေရန်၊ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်နှင့် စဉ်းစားဝေဖန်ပိုင်းခြားနိုင်စိတ်တို့ ရှင်သန်ကိန်းအောင်ရန် မိမိပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝိုင်းများကို အကျိုးပြုရန်ဟူသော အရည်အသွေးများနှင့် ပြည့်စုံစေရန် ရည်ရွယ်ပြီး လူရည်ချွန်စခန်းများသို့ စေလွှတ်သွားမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာလူရည်ချွန်စခန်းများသို့ ရောက်သည့်အခါ တစ်ဦးနှင့်တစ်ဦး နားလည်စာနာမှု၊ သည်းခံခွင့်လွှတ်မှု၊ အပြန်အလှန် ရိုင်းပင်းကူညီဖေးမမှု၊ အပြန်အလှည်မှီခိုအား ထား ယုံကြည်မှုစသည့် စိတ်ဓါတ်ရေးရာ အခြေခံကောင်းများဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်ရမည်ဆိုသည့် ပြည်ထောင်စုစိတ်ဓာတ်နှင့်အညီ ကျင့်ကြံနေထိုင်ပြောဆို ဆောင်ရွက်သွားကြစေလိုကြောင်းနှင့် နိုင်ငံ့သားကောင်းရတနာများ၊ သမီးကောင်း ရတနာများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် လူရည်ချွန်စခန်းအသီးသီးသို့ သွားရောက်မည့် ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် လူရည်ချွန် ကျောင်းသား/သူများနှင့် ကြီးကြပ်ဆရာ/ဆရာမများ စုစုပေါင်း(၄၄)ဦးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ထောက်ပံ့ငွေကျပ်(၁၃၂)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ရာ လူရည်ချွန်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်းမှ အခြေခံပညာအထက်တန်းကျောင်းများ၊ ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ဘက်စုံထူးချွန် လူရည်ချွန် ကျောင်းသား/သူ(၃၆)ဦး၊ ကြီးကြပ်ဆရာ(၈)ဦးအား ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်နှင့် နေပြည်တော် လူရည်ချွန်စခန်းအသီးသီးသို့ မေလ(၁)ရက်နေ့ နံနက်ပိုင်းမှ စတင်ထွက်ခွာကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)