မိုးညိုမြို့နယ်၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရန် မျိုးစေ့ပေးအပ်ပွဲနှင့် သဘာဝမြေဆွေးပြုလုပ်ခြင်း ပြသ

မိုးညို မေ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ မိသားစုတစ်အိမ်ထောင်စာ စားသုံးနိုင်ရေး တစ်ပိုင်တစ်နိုင်စိုက်ပျိုးရန် မျိုးစေ့ပေးအပ်ပွဲနှင့် EM ဘိုကာရှီ သဘာဝမြေဆွေးပြုလုပ်၍ လက်တွေ့ပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာဦးက သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းများ၊ သဘာဝမြေဩဇာများ၏ အကျိုးကျေးဇူးများ၊ နွားကျင်ငယ်ရည်ရွက်ဖျန်းမြေဩဇာ ပြုလုပ်သုံးစွဲနည်းများ၊ ရေတော် မိုးတော် အုပ်စု ၃၀ တွင် EM ဘိုကာရှီ ၂၅၀၀၀ ဧကစာ ပြုလုပ်သုံးစွဲနိုင်ရေး၊ ဟင်းသီးဟင်းရွက် တစ်အုပ်တစ်မစိုက်ပျိုးရန် ကျေးရွာအုပ်စု (၃) အုပ်စုတွင် စိုက်ပျိုးဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများအား တစ်ပိုင်တစ်နိုင် Home Gardening စိုက်ပျိုးရန် မျိုးစေ့ (၁၀) မျိုးအားပေးအပ်ပြီး EM ဘိုကာရှီ သဘာဝမြေဆွေးပြုလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)