ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ကျွဲနွားတိရစ္ဆာန်အစာ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်

ပွင့်ဖြူ မေ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ကျွဲနွားတိရစ္ဆာန် စိုက်ခင်းများရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကျွဲနွားတိရစ္ဆာန်အစာပင် ၁၀၂၂၀ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ၊ အဆိုပါ စိုက်ပျိုးထားသော ကျွဲနွားတိရစ္ဆာန်အစာပင် စိုက်ခင်းများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ဧကအားလုံးကို ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ကျွဲနွားတိရစ္ဆာန်အစာ ၂၆၀ ထုန်း ထွက်ရှိ ကြောင်း သိရသည်။

"ပွင့်ဖြူမြို့နယ်မှာ ဆောင်းသီးနှံစိုက်ပျိုးရာသီက ကျွဲနွားတိရစ္ဆာန်အစာပင် ၁၀၂၂၀ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဓိက စိုက်ပျိုးတဲ့ ကျွဲနွားတိရစ္ဆာန်အစာတွေကတော့ နှံစားပြောင်း ၊ နေဗီယာမြက်နဲ့ ပဲသီးနှံများကို စိုက်ပျိုးကြပါတယ်။ အဲဒီ စိုက်ပျိုးတဲ့ ကျွဲနွားတိရစ္ဆာန်အစာပင် စိုက်ခင်းတွေကို  ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကစပြီး ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ လက်ရှိမှာ ဧကအားလုံးကို ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ ကျွဲနွားတိရစ္ဆာန်အစာပင် ရိတ်သိမ်းတာနဲ့ ပတ်သက်ပြီး လေလွင့်ဆုံးရှုံးမှုတွေ မဖြစ်စေဖို့ အချိန်မီ ရိတ်သိမ်းနိုင်အောင် လိုအပ်တဲ့ ရိတ်သိမ်းနည်းစနစ်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ ကျွဲနွားတိရစ္ဆာန်အစာ စိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျွဲနွားတိရစ္ဆာန်အစာစိုက်ခင်းများ အထွက်နှုန်းကောင်းမွန်စေရန် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေးပံ့ပိုးကူညီပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ သွင်းအားစုများစနစ်တကျသုံးစွဲနည်းပညာများ လက်တွေ့သရုပ်ပြသခြင်း၊ သီးနှံပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးနည်းပညာပေးခြင်းစသည့် စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဝင်ငွေတိုးပွားစေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းနှင့် တွဲဖက်ကာ တစ်ပိုင်တစ်နိုင် ကျွဲနွားတိရစ္ဆာန် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြပြီး နှစ်စဉ် မိုးရာသီနှင့် ဆောင်းရာသီ သီးနှံစိုက်ပျိုးချိန်များတွင် မိမိတို့ မွေးမြူထားသော ကျွဲနွားတိစ္ဆာန်များအတွက် အစာရှားပါးမှုမဖြစ်စေဖို့နဲ့ တစ်ပိုင်တစ်နိုင်ကျွဲနွားတိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို စနစ်တကျအသုံးချပြီး နှံစားပြောင်း၊ ပဲမျိုးစုံသီးနှံ၊ နေဗီယာနှင့် ဖူးစားပြောင်းတို့ကိုအားထားစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )