မကွေးတိုင်းဒေသကြီးအတွင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ဆန်စက်နှင့်ဆန်စပါးလုပ်ငန်းရှင်များ၊ ဆီလုပ်ငန်းရှင်များအသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

မကွေး မေ ၈

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ဆန်စက်နှင့်ဆန်စပါးလုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မကွေးမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာ၌ မိမိတို့ဌာနအနေဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များနှင့် နီးကပ်စွာထိတွေ့ဆက်ဆံပြီး လိုအပ်ချက်များကိုကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အထူးသဖြင့် ကုန်စည်စီးဆင်းမှု တည်ငြိမ်မှန်ကန်စေရန်နှင့် ဈေးကွက်အချက်အချာကျသည့် မြို့ကြီးများရှိ ကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ကုန်သွယ်မှုနှင့်ထုတ်လုပ်မှုမြှင့်တင်ရေး ဈေးကွက်ဝင်သီးနှံများတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် သီးနှံစိုက်ပျိုးထုတ်လုပ်ရေးဇုံများဖွဲ့စည်းဆောင်ရွက်နိုင်ရန်အားပေးကူညီသွားမည်ဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးနှင့်ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလုပ်ငန်းများတွင်လိုအပ်သည်များကို ကူညီပေးရန်နှင့် သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသည့် ဥပဒေညွှန်ကြားချက်များကို စနစ်တကျလိုက်နာ ဆောင်ရွက်နိုင်ရေးထိန်းကျောင်းပေးရန်လာရောက်ခြင်းဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တရားမျှတစွာယှဉ်ပြိုင်ဆောင်ရွက်ရန်၊ ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ပို့ကုန်ထုတ်လုပ်မှုတိုးတက်စေရေးအတွက်တန်ဖိုးမြင့်ထုတ်ကုန် (Value-added products) များ ထုတ်လုပ်လာစေရေး အလေးထားဆောင်ရွက်ကြရန်ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများကလုပ်ငန်း ဆောင်ရွက်နေမှုများနှင့်ဒေသတွင်းစီးပွားရေးလုပ်ငန်းများကြုံတွေ့နေရသည့်အခြေအနေများကို အသီးသီးဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)