ဂန့်ဂေါ မေ ၈
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် စာဖတ်ရှိမြှင့်တင်ရေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ ဂန့်ဂေါခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က စာဖတ်ရှိန်မြှင့်တင်ရေးဆွေးနွေးပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား သည်။
ထို့နောက် တက်ရောက်လာကြသူများက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကိုလည်းကောင်း၊ အခြေခံပညာကျောင်းများရှိ ကျောင်းစာကြည့်တိုက်များတွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေကို စိတ်ပါဝင်စားစွာဖြင့် ဖတ်ရှုလာအောင်ဆောင်ရွက်ရမည့်အချက်များ၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကိုသိရှိနားလည်လာအောင် ရှင်းလင်းပြောကြားရမည့်အချက်များကို အပြန်အလှန်ဆွေးနွေးပြောကြားကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးဖို့ဆိုရင် ဘတ်ဂျက်တစ်ခုတည်းဖြင့် မလုံလောက်ဘဲ ကျောင်းသားများ၊ ဆရာ/ဆရာများနှင့် မိဘများကပါ စာဖတ်ခြင်းရဲ့တန်ဖိုးကို သိရှိနားလည်ပြီး ပူးပေါင်းပါဝင်ဖို့လိုအပ်ကြောင်း၊ စာကြည့်တိုက်တစ်ခုတွင် စာအုပ်စာစောင်များ စုံလင်စွာထားရှိနိုင်ရေး၊ စာကြည့်တိုက်တွင် စာဖတ်ချင်စိတ်ပေါ်လာစေရန် ဆွဲဆောင်မှုရှိသောပတ်ဝန်းကျင်အဖြစ်ဖန်တီးရေး၊ နည်းပညာနှင့်ပေါင်းစပ်ထားရှိနိုင်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်မိတ်ဆက်ပွဲများ၊ ပုံပြင်ပြောပြိုင်ပွဲများ၊ ကဗျာရွတ်ဆိုပွဲများကို အပတ်စဉ်(သို့မဟုတ်)လစဉ်ပြုလုပ်ပေးရန်လိုအပ်ကြောင်းနှင့် စာကြည့်တိုက်မှူးများသည် စာအုပ်များကိုထိန်းသိမ်းသူသာမက ကျောင်းသားများကို လမ်းညွှန်ပေးသူလည်းဖြစ်ပြီး ကျောင်းသားများ၏ စိတ်ဝင်စားမှုကိုသိရှိပြီး သင့်တော်မည့်စာအုပ်များကို ဖတ်ရှုနိုင်ရေးအတွက် အကြံပြုပေးနိုင်ရေးတို့လည်း လိုအပ်မည်ဖြစ်ကြောင်းတို့ကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးဆွေးနွေးပွဲသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်နှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်ဆက်)