ကျိုက်ထို မေ ၈
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀) စီမံချက်ဖြင့် စီစဉ်ဖွင့်လှစ်သည့် အခြေခံမွေးမြူရေးပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဖြိုးဝင့်ကိုက သင်တန်းဖွင့်အမှာစကားနှင့် ကျိုက်ထိုမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ စနစ်တကျလုပ်ကိုင်နိုင်ပြီးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကူးစက်ရောဂါ ဖြစ်ပွားမှုများ လျော့နည်းနိုင်စေရန်နှင့် မွေးမြူသူများဝင်ငွေတိုးပွားလာစေရေးတို့အတွက် မွေးမြူရေးလုပ်ကိုင်သူများအား ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများက တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ သိကောင်းစရာများ၊ ပဋိဇီဝဆေးယဉ်ပါးမှုအကြောင်း၊ ကောင်းမွန်သောတိရစ္ဆာန်မွေးမြူရေးကျင့်စဉ်၊ ဇီဝလုံခြုံမှု၊ နွား၊ ဝက်ကြက်၊ ဆိတ်မွေးမြူရေး စသည့် ဘာသာရပ်တို့ကို ကျိုက်ထိုမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင် (၁၅)ဦးတို့အား (၂)ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)