ငဖဲမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ

ငဖဲ မေ ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ငဖဲမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းတွင် ပါဝင်သည့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်း စီမံကိန်းများကို  သက်ဆိုင်ရာဌာနများက ကဏ္ဍပေါင်းစုံချိတ်ဆက်ပြီး ဖွံ့ဖြိုးတိုးတက်အောင်ဝိုင်းဝန်း ပူးပေါင်း၍ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကားပြောကြားပြီး ငဖဲမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး ဦးနေမျိုးနန္ဒက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ မတ်လအထိ စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်နိုင်မှုအခြေအနေ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဧပြီလမှ မတ်လအထိ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ ရေးဆွဲထားရှိမှု အခြေအနေများနှင့် ယခင်နှစ်အားသားချက်၊ အားနည်းချက်များကို အခြေခံပြီး လုပ်ငန်းကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်  ရှင်းလင်းပြောကြားသည်။

ထို့နောက်မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် (ဧပြီလမှမတ်လအထိ) တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းစီမံကိန်းများ၊ အဓိကစိုက်ပျိုးသီးနှံများ၊ လယ်ယာကဏ္ဍ၊ သားငါး ကဏ္ဍ၊ သစ်တောကဏ္ဍ၊ ဆောက်လုပ်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စည်ပင်ကဏ္ဍ စသည့် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်လွှာများကို သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ကျေးရွာအုပ်စုများအား ပေးအပ်သည်။

ငဖဲမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် လုပ်ငန်းစီမံကိန်းများအတွက် တိုင်းဒေသကြီးဘတ်ဂျက် ရန်ပုံငွေကျပ် (၇၆၈.၀၃၉) သန်းဖြင့် ဦးစီးဌာန ၈  ခုနှင့်အဖွဲ့အစည်း ၁ ခုတွင်လုပ်ငန်း (၃၀)ခုဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လျာထားထားကြောင်း သိရသည်။

မယု(ငဖဲ)