သရက် မေ ၈
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၏ဦးဆောင်မှုဖြင့် ရပ်ကွက် လုံးကျွတ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး(Abate Campaign) လုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များတွင် စတင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၇)နာရီက မြို့ပေါ်ရွှေဘုံသာရပ်ကွက် အတွင်းရှိ (၁၆၈) အိမ်တို့အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက နေအိမ်များအတွင်းရှိ ရေတွင်း ရေကန်များကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ပိုးလောက်လမ်းသေဆေး Abate ခတ်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း လုပ်ငန်းများ ဆောင်ရွက်သည်။
သရက်မြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်လုံးကျွတ် ပိုးလောက်လမ်းနှိမ်နင်းရေး(Abate Campaign) ကို ရက်(၁၀၀)စီမံချက် ရေးဆွဲထားရှိပြီး ရပ်ကျေးအဖွဲ့၊ မီးသတ်ဦးစီးဌာန နှင့်မိခင်ကလေးစသည့် နှီးနှောအဖွဲ့အစည်းများ၊ ပရဟိတဆောင်ရွက်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်ထက်(သရက်)