မကွေး မေ ၈
၂၀၂၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅) နှစ်အောက်အမျိုးသားဘော်လီဘော ပြိုင်ပွဲဖွင့်ပွဲအခမ်းနားကို ယနေ့နံနက် ၇ နာရီခွဲက မကွေးတိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊အားကစား ဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်ကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုက တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြင့်မားလာစေရန်နှင့် စုပေါင်းလှုပ်ရှားတတ်သော အလေ့အကျင့်ကောင်းများမှတစ်ဆင့် ဗလငါးတန်ဖွံ့ဖြိုးသည့် မျိုးဆက်သစ်လူငယ်များနှင့် ရွက်ပုန်းသီးအားကစားသမားကောင်းများပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ဘော်လီဘောအားကစားနည်းသည်ကမ္ဘာပေါ်တွင် ဒုတိယလူကြိုက်အများဆုံးဖြစ်သည်နှင့်အညီ "ကျေးရွာအဆုံး တစ်ပြည်လုံး" မည်သူမဆို လွယ်ကူစွာကစားနိုင်သည့် အားကစားနည်းဖြစ်သည့်အတွက် အားကစားသမားများအနေဖြင့် အခြေခံနည်းစနစ် (၆) မျိုးကို ကျွမ်းကျင်စွာအသုံးချနိုင်ရန် လိုအပ်သလို နည်းပြများနှင့် ဒိုင်လူကြီးများ၏ အရည်အသွေးမြင့်မားနေစေရန်အတွက်လည်း ခေတ်နှင့်အညီသင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးရန်လိုအပ်ပါကြောင်း၊ ထို့အပြင် ဘော်လီဘောအားကစားနည်း၏ ထူးခြားသော ဆွဲဆောင်မှုနှင့် စိတ်လှုပ်ရှားဖွယ်ကောင်းသောအချက်များကို နှလုံးသွင်းကာ ပြိုင်ပွဲဝင်များအနေဖြင့် "တရားသောယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရရှိရမည်" ဟူသော အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် အားကြိုးမာန်တက်ယှဉ်ပြိုင်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ဒိုင်လူကြီးများကလည်း သတ်မှတ်ဥပဒေစည်းမျဉ်းများအတိုင်း တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ပေးကြရန်နှင့် အားကစားသမားများကလည်း ဒိုင်လူကြီးများ၏အဆုံးအဖြတ်ကို ကျေနပ်စွာလက်ခံလိုက်နာခြင်းဖြင့် အားကစားလောကဂုဏ်သိက္ခာကိုမြှင့် တင်ပေးကြပါရန်တိုက်တွန်းပြောကြားကာ ၂၀၂၆ ခုနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅ ) နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြိုင်ပွဲအားကစားသမားများမှ အားကစားသစ္စာ အဓိဌာန်များရွတ်ဆိုခဲ့ပြီး ကွင်းအတွင်းမှပြန်လည်ထွက်ခွာကာ၊ ခရိုင်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲ ပထမပွဲစဉ်အဖြစ် မကွေးခရိုင်အမျိုးသားဘော်လီဘောအသင်းနှင့် အောင်လံခရိုင် အမျိုးသားဘော်လီဘောအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများကအားပေးကြည့်ရှုခဲ့ကြ သည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဘော်လီဘောပြိုင်ပွဲကို တိုင်းဒေသကြီးမိုးလုံလေလုံ အားကစား ခန်းမ၌(၇.၅.၂၀၂၆) ရက်နေ့မှ (၁၁.၅.၂၀၂၆) ရက်နေ့အထိယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း