မင်းဘူး မေ ၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID ကတ်များ ပြုလုပ်ပေးခြင်းကို မေ ၈ ရက်က လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ One Stop Service ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမြင့်၊ မင်းဘူးခရိုင်လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးမင်းလတ်တို့က သွားရောက်ကြည့်ရှုအားပေးပြီး လာရောက်ဆောင်ရွက်သည့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသား စိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID ကတ်များ ပေးအပ်သည်။
ထို့သို့ဆောင်ရွက်ရာတွင် လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက ရက်(၁၀၀)စီမံချက်ဖြင့် မင်းဘူး(စကု)မြို့နယ် လေးအိမ်တန်းကျေးရွာမှ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၀ အား နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID ကတ်များကို One Stop Service ဖြင့် နေ့ချင်းပြီးပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ အလားတူ ရက်(၁၀၀)စီမံချက်ဖြင့် ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)