သုံးခွ မေ ၉
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ကံမြင့်ကျေးရွာတွင် ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကံမြင့်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ သန်လျင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ) ဦးအောင်သိုက်ဝင်းက ကံမြင်ကျေးရွာအတွင်း မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး အခမ်းအနားကိုစတင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားရာတွင် ကျေးရွာနေပြည်သူများအနေဖြင့် ကျေးရွာမြေငှားဂရန်ရရှိပါက အကျိုးကျေးဇူးများအနေဖြင့် မိမိတို့နေထိုင်ရာ အိမ်ခြံမြေနေရာများသည် ပိုင်ဆိုင်မှုခိုင်ခိုင်မာမာ မရှိဘဲ ရှေးဘိုးစဥ်ဘောင်ဆက် နေထိုင်ခဲ့ကြခြင်းကြောင့် ယခုခေတ်တွင် ယင်းမြေနေရာများအား မြေငှားဂရန်ပြုလုပ်အသုံးချ၍ မိမိတို့၏ လူမှုရေး စီးပွားရေးလုပ်ငန်းများကိုလုပ်ကိုင်နိုင်ခြင်း၊ မိမိပိုင်ဆိုင်သော မြေနေရာတွင် တရားဝင်ပိုင်ဆိုင်သော ခိုင်မာမှုအထောက်အထားတစ်ခု ရရှိမှာဖြစ်သောကြောင့် မြေယာအငြင်းပွားမှုများလျော့နည်းသွားနိုင်ခြင်း စသည်ဖြင့်ပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး (လက်ထောက်ကော်လိတ္တော်အရာရှိ) ဦးဇော်မျိုးဝင်းက ကျေးရွာမြေငှားဂရန်လျှောက်လွှာတွင်ပါဝင်ရမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ယင်းနောက် ကျေးရွာမြေငှားဂရန်လျှောက်လွှာများအား ခရိုင်အုပ်ချုပ်ရေးမှူးမှ ဒေသခံများကိုယ်စား ကံမြင့်ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးထံပေးအပ်ခဲ့ပြီး ကျေးရွာနေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် မြေငှားဂရမ်လျှောက်လွှာများဆောင်ရွက်နေမှုအခြေနေများအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်