မကွေး မေ ၉
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ ပြေစာအမှတ်တံဆိပ်ဖြင့် ကပ်နှိပ်ရောင်းချရမည့် စားသောက်ဆိုင်၊ ဟိုတယ်နှင့်တည်းခိုခန်း၊ ရွှေထည်လက်ဝတ်ရတနာများ၊ ရုပ်သံလွှင့်မီဒီယာများ၊ လက်ကိုင်ဖုန်း(Handset) ဆက်စပ်ပစ္စည်းများရောင်းချသည့် လုပ်ငန်းရှင်များအား အခွန်ပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစန်းလွင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပပြုလုပ်တဲ့ အခွန်ပညာပေးရှင်းလင်းပွဲမှ အခွန်ဆိုင်ရာတည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်ပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေးဆောင်သင့်/ ပေးဆောင်ထိုက်သည့် အခွန်ငွေများအပြည့်အဝထမ်းဆောင်ခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးခိုင်ကိုက ပြည်တွင်းအခွန်များဦးစီးဌာနမှကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ အခွန်ကောက်ခံရခြင်း၏ရည်ရွယ်ချက်၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာသိကောင်းစရာများ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်း၊ အခွန်ပေးသွင်းခြင်း၊ ပျက်ကွက်မှုအတွက်ပြစ်ဒဏ်များနှင့် ပတ်သက်၍အကျယ်တဝင့်ဆွေးနွေးပြီး တက်ရောက်လာသည့် အခွန်ထမ်းပြည်သူများက သိရှိလိုသည်များကိုမေးမြန်းရာ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းထိုက်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်းအင်အား (၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)