တိုက်ကြီးမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေး

တိုက်ကြီး မေ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရက် ၁၀၀ စီမံချက်ဖြင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက ဒိုက်ကံကျေးရွာနှင့် လှိုင်ကျေးရွာတို့တွင် ကွင်းဆင်းထုတ်ချေးပေးသည်။

ထိုသို့ ကွင်းဆင်းထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ အတိုးနှုန်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒိုက်ကံကျေးရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသက်မွေးဝမ်းကျောင်းနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း ၉၉ ဦးအား ဆဌမအကြိမ်အဖြစ် ချေးငွေကျပ် ၃၇၂ သိန်းကို လည်းကောင်း၊ လှိုင်ကျေးရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း ၁၃၃ ဦးကို နဝမအကြိမ်အဖြစ် ချေးငွေကျပ် သိန်း ၄၅၀ ကို စီမံကိန်းလုပ်ငန်းအဖွဲ့မှ တစ်ဦးချင်းစီသို့ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)