မြဝတီမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဘုရင့်နောင်စျေးရှိ စျေးသူ/စျေးသားများတွေ့ဆုံ

မြဝတီ  မေ  ၉

ကရင်ပြည်နယ် မြဝတီမြို့သန့်ရှင်းသာယာလှပစေရေးနှင့်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို  လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖတို့ ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မေ ၉ ရက် နံနက် ၁၁ နာရီက အမှတ်(၄)ရပ်ကွက်ရှိ ဘုရင့်နောင်စျေးပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘုရင့်နောင်စျေးသူ/စျေးသားများတွေ့ဆုံပွဲကို ကျင်းပသည်။

ထိုသို့ တွေ့ဆုံရာ၌  ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ မြဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ချင်း၊ မြဝတီမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းနောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ အဖွဲ့ဝင်(၂)ဦးအောင်မျိုးထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ  ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးတို့က   နှစ်ပေါင်း (၃၀) ကြာမြင့်ပြီးဖြစ်သည့် အမှတ် (၄)ရပ်ကွက်ရှိ ဘုရင့်နောင်စျေးကြီးဥပဓိရုပ်ကောင်းမွန်စေ ရန်၊ သန့်ရှင်းသာယာလှပစေရန်အတွက် ပြန်လည်ပြင်ဆင်မွမ်းမံပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်မည့်အစီအစဉ်များကို စျေးသူ/စျေးသားများနှင့် တွေ့ဆုံ၍ချပြဆွေးနွေးခဲ့ကြသည်။ 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဘုရင့်နောင်စျေးကြီးရှိစျေး သူ၊စျေးသား ၂၅၀ တက်ရောက်ခဲ့ကြ ကြောင်းသိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)