ရန်ကုန် မေ ၉
နိုင်ငံတော်အစိုးရ၏ အားကစားတိုးတက်ရေး ရက် (၁၀၀) စီမံချက်အရ အားကစားရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီမှ ကျင်းပပြုလုပ်သော MFF U16/U19 Youth Fustal League 2026 ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ MFF Futsal Stadium ၊ သုဝဏ္ဏတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းသော်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အုပ်ချုပ်သူ၊ နည်းပြ၊ ပြိုင်ပွဲဝင် အသင်းများမှ အားကစားသမားများ၊ ပရိတ်သတ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြိုင်ပွဲဝင်အသင်းများက သတ်မှတ်နေရာများတွင် နေရာယူကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင် အသင်းများမှ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အထောက်အကူပြု ဘောလုံးများကို ပေးအပ်ခဲ့ကြကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က Football For Schools Program အတွက် ဘောလုံး (၅၀၀၀) အား ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက လက်ခံရယူခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများသည် MFF U16/U19 Youth Fustal League 2026 ပထမပွဲစဉ်အဖြစ် YCDC Dream Team FC အသင်းနှင့် YRG FC အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။
အဆိုပါ MFF U16/U19 Youth Fustal League 2026 ကို ပြိုင်ပွဲဝင်အသင်း (၂၄) အသင်း၊ ပြိုင်ပွဲဝင်အားကစားသမား (၃၃၆) ဦးဖြင့် ၂၀၂၆ ခုနှစ်၊ မေလ(၉)ရက်နေ့မှ အောက်တိုဘာလ(၄)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)