ဘားအံ မေ ၉
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ပြန်လည်ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့မှအဖွဲ့ဝင်အမျိုးသားတစ်ဦး လက်နက် ခဲယမ်းနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြောင်းသိရသည်။
ထိုသို့ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်တစ်ဦးကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူထံ ပြန်လည်လွဲပြောင်းခြင်းကို မေ ၉ ရက် နံနက်(၁၁)နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်း နှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူနှင့် ၎င်း၏မိဘအုပ်ထိန်းသူများ တက်ရောက်သည်။
ဦးစွာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် နိုင်ငံတော်ကြီးအဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်ရေးကိုကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကရင်ပြည်နယ်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို တပ်မတော်၊ ပြည်သူလူထုများနှင့်အတူ လက်တွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ စိတ်ရင်းစေတနာမှန်ဖြင့် ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့်အတွက် နောင်တွင်ယခုကဲ့သို့ အမှားထပ်မလုပ်မိစေရန်နှင့် နိုင်ငံရေးသမားများ၏ အသုံးချခံမဖြစ်စေရေး၊ သတင်းမီဒီယာများ၏ မဟုတ်မမှန် သွေးထိုးလှုံ့ဆော်မှုအပေါ် နားယောင်စေခြင်းမရှိဘဲ မိမိရပ်ရွာ၊ မိသားစုအတွက် ကောင်းကျိုးများဆောင်ရွက်ပြီး နိုင်ငံတော်အတွက် တန်ဖိုးရှိသော နိုင်ငံ့သားကောင်း ဖြစ်စေလိုကြောင်းပြောကြားသည်။
ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူမှ ၎င်းနှင့်အတူပါရှိလာသည့် M-16 သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခုကို လွဲပြောင်းအပ်နှံရာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လက်ခံယူပြီး အလင်းဝင်ရောက်လာသူအား ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း(၅၀) ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်နယ် (ပြန်/ဆက်)