သထုံ မေ ၉
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများကြား ပိုမိုနီးကပ်စွာဆက်သွယ်ဆောင်ရွက်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးတို့အတွက် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဘင်လှိုင်ရပ်ကွက်ရှိ အဆိုပါရုံး၌ ကျင်းပရာ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးနှင့် တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးသည်။
ဦးစွာ လွှတ်တော်ကိုယ်စားလှယ်ရုံးအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေး၊ ဒုတိယဥက္ကဋ္ဌ မင်းအောင်မြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နှင့် သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခြင်းဖြင့် ပြည်သူများ၏ အခက်အခဲများ၊ ဒေသလိုအပ်ချက်များနှင့် တိုင်ကြားတင်ပြချက်များကို အချိန်နှင့်တစ်ပြေးညီ လက်ခံဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူနှင့်လွှတ်တော်အကြားချိတ်ဆက်ဆောင်ရွက်ရာတွင်လည်း အရေးပါသည့် ရုံးတစ်ရုံးဖြစ်လာမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့အသံအားနားထောင်၍ တိကျစွာ လွှတ်တော်တွင် ပြန်လည်တင်ပြရန်တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတို့ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးအတွက် ညီညွတ်စွာဆောင်ရွက်ကြရေး ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူတို့က ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးစေလိုသည်များနှင် သိလိုသည်တို့ကို မေးမြန်းကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ရှင်းလင်းဆွေးနွေးသည်။
အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် သထုံမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များနှင့် ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်