ပန်းတောင်း မေ ၉
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေဖြင့် အုတ်ဖိုကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို မေ ၇ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ (နည်းပညာ) ဒေါ်မေသူစိုးနှင့် တာဝန်ရှိသူများက ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဝင်များနှင့်အတူ အုတ်ဖိုကျေးရွာ၌ ရွာတွင်းလမ်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာစီမံကိန်းကော်မတီဝင်များအနေဖြင့် စီမံကိန်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။
အုတ်ဖိုကျေးရွာတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၄၅၀' x၈'x၆") ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ ကျပ်သိန်း ၁၅၀၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၃၃သိန်းဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် မေလ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်း ၁၅ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက အုတ်ဖိုကျေးရွာရှိ ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်၍ ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)